Friday, January 8, 2010

မောင်းသံ

တခါက မြို့တက် အလုပ်လုပ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ရှိတယ်။ အနှစ်နှစ်အလလ အလုပ်တွေကိုကြိုးစားပမ်းစားလုပ် ချွေတာစုဆောင်းပြီး ရွာကိုပြန်ခဲ့ကြတယ်။ ငွေတစ်ထုတ်နှင့် ရွာမှာရွှေနန်းစံတော့မည် ဆိုပြီး ပျော်ရွှင်စွာ ပြန်လာခဲ့ကြတယ်။
ရွာအ၀င်လမ်းမှာ အဘိုကြီးတစ်ဦးတာ မောင်းကိုကိုင်ပြီး စောင့်နေတာကိုတွေ့တော့ “အဘိုး ဒီနေရာမှာ ဘာလုပ်နေတာလဲ” လို့မေးတော့ “မင်းတို့နှစ်ယောက်ကိုစောင့်နေတာပါ” ဆိုပြီး မောင်းလေးကိုတစ်ချက်ထုလိုက်တယ်။ “နောက် ၃ ရက်မှာငါမောင်းလာတီးမယ်။ အဲဒီနေ့ ဟာ မင်းတို့ သေရမဲ့နေ့ပဲ” ဟုပြောကာ အဘိုးအို ပျောက်သွားတယ်။
ဒီလိုနဲ့ ရွာရောက်တော့ တစ်ယောက်က “ငါဒီလောက် ပင်ပန်းစွာရှာထားတဲ့ ငွေတွေ ငါ ဒီလိုသေလို့မဖြစ်ဘူး” ဆိုပြီး မစားနိုင် မသောက်နိုင် လောဘစိတ် သောကစိတ်တွေနဲ့ နောက် ၃ ရက်ကို စောင့်နေခဲ့တယ။ ၃ ရက်ပြည့်တဲ့ နေ့မှာ အဘိုးအိုက သူ့အိမ်ရှေ့မှာ မောင်းလာတီး တယ် မောင်းသံလည်း ကြားရော သူ့ရဲ့ အသက်ပါ မောင်းသံနဲ့ အတူပျောက်သွားခဲ့တယ်။
နောက်တစ်ယောက်ကတော့ အိမ်ကို ရောက်တာနဲ့ ပင်ပန်းစွာရှာထားတဲ့ ငွေတွေကို ဘယ်လိုလုပ်ရမလဲ ဆိုတာကို စဉ်းစားတယ်။ ပြီးတော့ ရွာမှာရှိတဲ့ လမ်း၊တံတား၊ကျောင်း တွေကို လှုတယ်။ ဒီအကြောင်းတွေနဲ့ အရမ်းကို အလုပ်ရှုပ်သွားရှာတယ်။ ရပ်ရွာအတွက် ကောင်းကျိုးတွေဆောင်ရွက်ပေးတော့ ရွာသူရွာသားတွေက အိုးစည်၊ ဗုံ သံ တွေနဲ့ ဂုဏ်ပြုခဲ့တယ်။ အဲဒီနေ့ဟာ ၃ ရက် မြောက်တဲ့ နေ့ပါ။ အဘိုးကြီး မောင်းလာတီးချိန်မှာ အိုးစည်၊ ဗုံ သံ တွေနဲ့ စည်ကားနေတာကြောင့် သူ မောင်းသံကို မကြားလိုက်ဘူး။ ၅ ရက်မြောက်တဲ့ နေ့ မှ အဘိုးအို မောင်းလာမတီးပါလား ဆိုပြီးသတိရလိုက်တယ်။ ဒီလိုနဲ့ သူရွာမှာ ပျော်ရွှင်စွာ ဆက်လက်နေထိုင်သွားတယ်။
ပုံပြင်၏ဆိုလိုရင်း
လူ့လောကမှာ အတိုက်အခံ၊ အခက်အခဲ တွေနဲ့ ရင်ဆိုင်ကြတဲ့ အခါမှာ အဲဒီအတိုက်အခံ၊ အခက်အခတွေဲ ကို ကြောက်ရွှံ့မနေပဲ ကိုယ့်ဘ၀အတွက် အလှည့်အပြောင်းလေးတစ်ခု လုပ်ပေးတတ်ဖို့ပါပဲ။
ဘ၀ဆိုတာသေတဲ့ရက်ကိုစောင့်နေရတာမဟုတ်ပါဘူး……
ပျော်ရွှင်စွာနေထိုင်သွားဖို့ပါပဲ………………………………..
ပျော်ရွှင်နိုင်ကြပါစေလို့ novemberpearl မှ ဆုတောင်းပေးလိုက်ပါတယ်။
ရေးသားသူ-novemberpearl(နိုဝင်ဘာပုလဲ)

No comments:

Post a Comment