Thursday, March 18, 2010

ဒါဟာကျွန်မရဲ့နားမလည်နိုင်တဲ့အချစ်

ဒါဟာကျွန်မရဲ့နားမလည်နိုင်တဲ့အချစ်

မထင်မှတ်တဲ့တွေ့ဆုံခြင်းကနေ ရင်းနှီးခဲ့တဲ့သူ့ကို လွမ်းမိတယ်…. ဒါပေမဲ့ ကျွန်မအတွက် တွဲလက်ကမ်းလာဖို့ပဲ လိုနေတဲ့အချိန်မှာ သူ ဘာတွေကို မျှော်မှန်းနေမှန်းကျွန်မမသိခဲ့ဘူး ။ ဒီလိုနဲ့ ကျွန်မတို့ ဝေးသွားခဲ့တယ်။

တမူထူးခြားစွာအသဲကွဲလိုက်ရပါပြီ
သိပ်ချစ်မိသွားပါပြီ ဒီလိုနဲ့ သူ ကျွန်မကို သူနာကျင်မှုတွေ မပြတ်ပေးတယ်။ ခံနိုင်ရည်တွေ ရှိလာတယ် .. ကျွန်မ နောင်တမရချင်လို့ ရူးချင်ရူးသွားပါစေဆိုတဲ့စိတ်နဲ့ ချစ်နေခဲ့တယ်။ ဇူလိုင်မိုးမှာ ရူးမတက်ခံစားခဲ့ရတယ်။

မောပြီဆိုမှ နားခိုဖို့ ပခုံးလေးကိုသတိရတယ်
မှားပြီဆိုမှ နောင်တရဖို့ သတိရတယ်
ဒုက္ခရောက်ပြီဆိုမှ ရောင့်ရဲဖို့သတိရတယ်
နာကျင်ပြီဆိုမှ ခံနိုင်ရည်စွမ်းတွေရှိလာတယ်
မူးပြီဆိုမှ မေ့မရနိုင်မှန်းသိလာတယ်
ပြုံးပြီ လှပမှုတွေသာယာမှုတွေကို ခံစားတတ်လာတယ်
ချစ်ပြီ ဒါဆိုရင်တော့ မဆုံးရှုံးစေနဲ့ပေါ့။

ဟုတ်ပါတယ် ချစ်မိသွားတဲ့အတွက် မဆုံးရှုံးချင်ဘူး။ နောင်တလဲ မရချင်တော့ဘူးလေ။ သူကျွန်မလက်ကိုတွဲထားတဲ့နွေးထွေးမှုက ကျွန်မကို အတိုင်းထက်လွန်တဲ့ အင်အားတွေကို ကျွန်မရရှိနေတယ်။

ကျွန်မ တကိုယ်ကောင်းဆန်လွန်းပါတယ်
ဘာမဆို ကိုယ့်အတွက်စဉ်းစားတဲ့ငါ
ကိုယ်လုပ်ချင်တာလုပ်လိုက်ရမှ ဆိုတဲ့ငါ
ခုတော့
ဘာတွေဖြစ်ကုန်တာလဲ
အားလုံး သူ့အတွက်ဖြစ်ကုန်တယ်…………….

ကျွန်မ ကလေးဆန်လွန်းပါတယ်
ရည်းစားတစ်ထောင်လောက် ထားဖူးထားသလား ထင်ရအောင် ကျွန်မကိုယ့်ကို ရင့်ကျတ်အောင် နေခဲ့တယ်။
ကျွန်မ ဟန်ဆောင် မကောင်းသူပါ
သူ ကျွန်မကို တော်တယ် လို့ပြောခဲ့တယ်။ မတော်ပါဘူး။ ကျွန်မ သူ နဲ့ တွေ့တဲ့ ခဏတာအတွင်းအတွက် အချိန်တွေ ဘယ်လောက်ယူပြီးပြင်ဆင်ထားတယ်။ ကျွန်မ ပုံစံတွေ ပြောင်းနေတာကို သူ သတိမထားမိခဲ့ဘူး။ကျွန်မကို သတိမထားမိတာလား ကျွန်မကပဲ ဟန်ဆောင်ကောင်းလွန်းနေတာလား။

နားလည်ပေးလွန်းလို့
ကျွန်မရဲ့နားလည်ပေးချက်ကတော့ ကမ္ဘာတ၀န်းကို ဖွင့်ပြောခွင့်ရမယ်ဆိုရင် စံချိန်တင်မှာမလွဲပါဘူး။ ဒီစံချိန်ကို မမီနိုင်ဘူး ဆိုတာ ကျွန်မရဲရဲဝံ့ဝံ့ပြောရဲပါတယ်။

ကောင်းသောလမ်းခွဲခြင်း
မင်းကိုငါမုန်းတယ် ဆိုပြီး ပါးကို ဘယ်ပြန်ညာပြန် ချပြီး ကျောခိုင်းပြီး ထွက်သွားတာထက် ကျွန်မ ချိုမြိန်တဲ့ အနမ်းကို ပွေ့ပိုက်ပြီး ထွက်သွားချင်တယ်။ ဘာလို့လဲဆိုရင် အမုန်းတွေသယ်ပြီး ထွက်ခွါသွားခဲ့ရင် ကျွန်မအရမ်းပင်ပန်းနေရမယ်။

ကဗျာဆန်တဲ့နှလုံးသားပိုင်ရှင်ပါ
ဝင်္က၀ုတ္ထိအလင်္ကာတွေနဲ့ ကဗျာတွေကို မစပ်တတ်ပါဘူး
ရိုးရှင်းတဲ့ စာသားလေးတွေနဲ့ပဲ မင်းကို သိအောင် ပြောပြချင်တယ်
လက်တွေ့ဆန်ရမယ်ဆိုတာ ငါသိခဲ့ပါတယ်
ကဗျာတွေမှမရှိရင် ငါတို့ဟာ လူသားမဆန်တော့ပါဘူး
ရက်စက်တတ်တဲ့ လူသားအလားမမြောက်စေချင်ဘူး
ကဗျာလေးတွေ စာလေးတွေကို နှစ်သက်ပြီး
ငါ့အနားမှာ မခွဲတမ်းပဲ ရှိစေချင်တယ်

လုံးဝမပြောင်းလဲနိုင်ပါဘူး
သူ့ကိုချစ်တဲ့ စိတ် ….. လုံးဝမပြောင်းလဲပါဘူး။ လူသာထွက်ခွါပါရစေ သူ့နှလုံးသားမှာ ကျွန်မ ကျွန်မနှလုံးသားမှာ သူ ဖြစ်နေပါစေ….
အင်္ဂလိပ်လိုပြောရရင် in the north-west corner of my heart တဲ့ အနက်ရှိုင်းဆုံး တန်ဖိုးထား မြတ်နိုးဆုံးကို ဆိုလိုတာပါ။
လူ့သက်တမ်းသာ အကန့်အသတ်မရှိခဲ့ရင် ကျွန်မလို အချစ်မျိုးကို ရှာကြည့်ဖို့ ကျွန်မ သူ့ကို အချိန်တွေပေးလိုက်ချင်ပါတယ်…
တကယ်တော့ ကျွန်မရဲ့အချစ်ဇာတ်လမ်းဟာ ရိုမီယို ဂျူလီယက်၊ ခွန်ဆန်လော နန်းဦးပြင်နဲ့ ရှင်မွေးလွန်း မင်းနန္ဒာ တို့ မမီနိုင်တဲ့ အချစ်လိုဖြစ်နေတာ ဘယ်သူသိနိုင်မှာလဲ။

ရေးသားသူ- နိုဝင်ဘာပုလဲ novemberpearl


နိုဝင်ဘာပုလဲစာတွေကို ဖတ်နိုင်သလို ကူးယူသွားနိုင်ပါတယ်
ပြန်လည်ဝေမျှမယ်ဆိုရင်လဲ ပုလဲဝမ်းသာမဆုံးပါ
ဒါပေမဲ့ တောင်းဆိုမှုလေးတစ်ခုတော့ရှိတယ် စာရဲ့တစ်ထောင့်တစ်နေရာမှာ `novemberpearl´ ဆိုတာလေးကိုထည့်ပေးဖို့ နူးညွှတ်စွာတောင်းဆိုလိုက်ပါတယ်...........

No comments:

Post a Comment