Thursday, March 18, 2010

လက်မလွတ်စေနဲ့

လက်မလွတ်စေနဲ့

ချစ်သူရည်းစားထားကြတဲ့အချိန်မှာ အရွေးမှားမှာကိုစိုးရိမ်ကြတယ်။

ပထမတစ်ယောက်တဲ့ ရေစက်ပါလို့ဆုံတွေ့ချိန်မှာ နောက်တယောက်နဲ့မတွေ့သေးချိန် ပထမတစ်ယောက်နဲ့ ပတ်သက်မှုတွေရှိလာကြမယ် တဖြည်းဖြည်းအချိန်ကာလကြာလာတော့ ရည်းစားတွေဖြစ်လာတယ်။ ပထမတစ်ယောက်နဲ့ သင်ယုံကြည်မှု သံယောဇဉ်တွေ မနက်ရှိုင်းသေးရင် လေတိုက်တိုင်း ယိမ်းနွှဲ့နေတဲ့ သစ်ရွက်လေးလို သင့်စိတ်တွေတည်ငြိမ်မှာမဟုတ်ဘူး။

တယောက်သောသူကိုသာလျှင် တည်ငြိမ်မှုတွေ ယုံကြည်မှုတွေ သံယောဇဉ်တွေ ရှိမှာသာ ပျော်ရွှင်မှုရဲ့အစပါ။ လေလွင့်ခြင်းရဲ့ အဆုံးသတ်ပေါ့။ စချစ်ဖို့ကလွယ်တယ် ဆက်ချစ်သွားကြဖို့သာ ခက်တာပါ။

တယောက်ယောက်ကိုချစ်ဖို့ကြိုးစားစရာမလိုပါဘူး တည်မြဲသွားဖို့ကိုသာကြိုးစားရမှာ။ အချစ်ကို တည်ဆောက်တာ ဆက်သွယ်မှု နားလည်မှု ခွင့်လွတ်မှု ထိန်းချုပ်မှုတွေပါ။ တည်မြဲသွားအောင် လုပ်ဆောင်ရမဲ့ သော့ချက်ကို မေ့ကောင်းမေ့နေမယ်။

ဘယ်သူဟာကိုယ်နဲ့သင့်တော်တယ်ဆိုတာကို မရွေးပဲ တည်မြဲဖို့ကိုကြိုးစားမယ်ဆိုရင် ပျော်ရွှင်နိုင်မှာပါ။ သင့်တော်တဲ့သူကိုရှာနေမယ်ဆိုရင် ရှာပုံတော်ကနေ ပြီးမှာမဟုတ်တော့ပါဘူး။ နောင်တ ဆိုတာ တွေဝေခြင်းလဲ ပါတယ်လေ။

သင့်နံဘေးမှာ သင့်တော်တဲ့ သူလဲရှိနေပြီဆိုရင် တွေဝေမနေပါနဲ့ ။ သင်နဲ့ ပတ်သက်တဲ့ သူကို သင်ရိုးသွားမှာ အမှန်ပဲလေ။ အခုမှတွေ့နေတဲ့ မြင်နေရတဲ့ သူတွေအပေါ် စိတ်ဝင်စားမှုကရှိမယ်ဆိုတာ မလွဲနိုင်ပါဘူး။
မသိလိုက်တဲ့ အချိန်အတွင်းမှာ သင့်အနားနားမှာရှိတဲ့သူကို သင်နာကျင်စေလိမ့်မယ်။ သင်နာကျင်စေတဲ့ သူကလဲ သင့်ရဲ့အရင်းနှီးဆုံးသူပါပဲ။ အသစ်အသစ်ကို စိတ်ဝင်စားနေချိန်မှာ မရင်းနှီးသေးတာကတစ်ကြောင်း ရင်းနှီးအောင်ပြုလုပ်နေတာကတစ်ကြောင်း ဘယ်လိုဖြစ်ဖြစ် အဆင်ပြေနေမယ် သဘောကျနေမယ်။ သင့်အနားမှာရှိတဲ့သူရဲ့ရင်းနှီးမှုတွေဟာ သင့်အတွက် ကျင့်သားရနေမဲ့အတွက် သင်ကလစ်လျူရှုမိနေမယ်။ ဖယောင်းတိုင် ၃ တိုင်ကို ကြည့်ရင် ဘယ်အတိုင်အလင်းဆုံးမသိသလို ဟိုအတိုင်လင်းသယောင်ယောင် ဖြစ်နေမယ်။ တစ်တိုင်တည်းကိုကြည့်ရင် တစ်တိုင်တည်းကသာအလင်းဆုံးပါပဲ။
ဒါကို ပုံပြင်တိုတို ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးသားခဲ့ပြီးပါပြီ။

တစ်သက်တာမှာ လူအယောက်နှစ်သောင်းလောက်သိကျွမ်းမယ်ဆိုရင် သင်ဘယ်နှယောက်လောက်နဲ့ ရင်းနှီးမှာလဲ။ စိတ်အာရုံတွေများပြားပြီး ဗွေရှုပ်နေတဲ့သူမှအပ ကျန်တဲ့သူတွေဆိုရင် ရင်းနှီးမဲ့သူဟာ လက်ချောင်းရေကနေတော့ မကျော်လောက်ပါဘူး။ တစ်ယောက်တည်းကိုသာလျှင် လေးလေးနက်နက်နဲ့ အချစ်ကို ခိုင်မြဲတည်ဆောက်မှသာ ပျော်ရွှင်တဲ့ အနာဂတ်ဘဝကို ပိုင်ဆိုင်နိုင်မှာ။ နောင် အနာဂတ်မှာ ကိုယ်ရွေးချယ်လိုက်တဲ့ ဘဝကြင်ဖော်သာလျှင် သင်ရဲ့အနားမှာ ရှိနေမှာပါ။
ရေးသားသူ-နိုဝင်ဘာပုလဲ novemberpearl

နိုဝင်ဘာပုလဲစာတွေကို ဖတ်နိုင်သလို ကူးယူသွားနိုင်ပါတယ်
ပြန်လည်ဝေမျှမယ်ဆိုရင်လဲ ပုလဲဝမ်းသာမဆုံးပါ
ဒါပေမဲ့ တောင်းဆိုမှုလေးတစ်ခုတော့ရှိတယ် စာရဲ့တစ်ထောင့်တစ်နေရာမှာ `novemberpearl´ ဆိုတာလေးကိုထည့်ပေးဖို့ နူးညွှတ်စွာတောင်းဆိုလိုက်ပါတယ်...........

No comments:

Post a Comment